Free Backgrounds
Free Backgrounds
Free Backgrounds
Free Backgrounds
Free Backgrounds
Free Backgrounds -->

ဆောင်းပါး

ယနေ့ လူငယ် နောင်ဝယ် လူကြီး" ဟူသော ဆိုရိုးစကားတစ်ခု ရှိခဲ့ ဖူးပါသည်....ဗဟုသုတလေးတစ်ခုပေါ့ ဗျာ

"ယနေ့ လူငယ် နောင်ဝယ် လူကြီး" ဟူသော ဆိုရိုးစကားတစ်ခု ရှိ၏။
ယင်းကား ယနေ့ အချိန်အခါ၌ လူငယ်လူရွယ်ဖြစ်သော်လည်း နောင်တစ်ချိန်တွင် လူကြီးသူမ ဖြစ်လာမည်ဖြစ်၍ ..
ငယ်ရွယ်စဉ်ကတည်းက အရည်အချင်းရှိအောင်၊ ယဉ်ကျေးအောင်၊
ကိုယ်ကျင့်တရား ကောင်းမွန်အောင် ကြိုးစားထိန်းသိမ်းနေထိုင်ရန် ရည်ညွန်းထားသော စကားဖြစ်၏။
ဆရာ၊မိဘတို့ အခါအခွင့်သင့်၍ ဆိုဆုံးမသည့်အခါ ထိုစကားဖြင့် ဆိုဆုံးမလေ့ရှိ၏။
သို့ပါသော်လည်လည်း အပျော်အပျက်ပင်ပြောသည်လား၊ တကယ် အတည်အတံ့ပြောသည်လားတော့ မသိပေ၊
မကြာခဏဆိုသလို အချို့သော လူငယ်တို့ ပြောဆိုနေကြသည့် စကားကို ကြားကြားနေရ၏။
ယင်းကား"ငယ်ပြီးကြီးမှာပဲ ဒါဟာ ဆန်းတာမှ မဟုတ်တာ"ဆိုသော စကားပင်ဖြစ်၏။
ငယ်ပြီးကြီးသည်ဆိုသည်မှာ သာမန်လူကြီး တစ်ယောက်ကို ဆိုလိုသည်မဟုတ်။
ယဉ်ကျေးသိမ်မွ့သော၊ ကိုယ်ကျင့်တ၇ား မြင့်မားသော၊ အရည်အချင်းရှိပြီး ...
ဆိုင်ရာဆိုင်ရာ၌ စွမ်းဆောင်နိုင်စွမ်းရှိသော လူကြီးလူကောင်းမျိုးကို ဆိုလိုခြင်းဖြစ်၏။
ထိုသို့သော လူကြီးလူကောင်းတို့သည် သဘာဝပင်ဖြစ်၍ အဆန်းမဟုတ်ပေ။
သို့ပါသော်လည်း ထိုသို့ ငယ်ရာမှ အသက်အရွယ်ရလာ၍ လူကြီး ဖြစ်လာရုံမျှဖြင့်တော့ ထိုဆိုရိုးစကား ထားခဲ့မည်မဟုတ်ပေ။
ထိုဆိုရိုးစကား၌ပါသော လူကြီးလူငယ်တို့ကို မိမိတို့ ခြေရာနင်းနိုင်ရန် မျှော်လင့်ကြ၏။ အားထားကြ၏။
ထိုကြောင့် ယဉ်ကျေးသော၊ ကိုယ်ကျင့်တ၇ားကောင်းမွန်သော၊ အရည်အချင်းရှိသော လူငယ်တို့ကို "အနာဂါတ်ရဲ့ အဖူးအပွင့်"အစရှိသည်ဖြင့် ညွန်းဆိုကြလေ၏။
ထိုသို့ ညွှန်းဆိုကြသည့်အတိုင်းပင် အမှန်တကယ် ယဉ်ကျေးသည့်၊ အမှန်တကယ် ကိုယ် ကျင့် တ၇ားကောင်းမွန်သည့်၊
ဆိုင်ရာဆိုင်ရာ၌ ဦးဆောင်နိုင်အောင် အရည်အသွေးရှိသည့် လူငယ်လူရွယ်များကလည်း အများအပြားပင်။
ဆိုင်ရာဆိုင်ရာ မိသားစုအတွက်၊ အမျိုးဘာသာသာသနာအတွက်၊ နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သော လူငယ်များပင်ဖြစ်၏။
သို့ပါသော်လည်း"ငယ်ပြီးရင် ကြီးတာပဲ"ဆိုသော လူငယ်များ၊
ထိုသို့မပြောသော်လည်း "နောင်ဝယ်လူကြီး" ဆိုသော စာရင်း၌ မပါသော လူငယ်များ ၊
ပြောရလျှင် ဆိုးသွမ်းကြမ်းတမ်းပြီး ကိုယ်ကျင့်တရား ပျက်ပြားကာ ....
အရည်အချင်းရှိအောင် အားမထုတ်ဘဲ ပေါ့ပေါ့လေး နေကြသော လူငယ်များကလည်း ဒုနဲ့ဒေးပင်။
အဆောက်အဦတစ်လုံး တည်ဆောက်ရာ၌ "အောက်ခံဖောင်ဒေးရှင်း"သည် အရေး ပါလှ၏။
အောက်ခံဖောင်ဒေးရှင်း ခိုင်ခိုင်မာမာချမှသာလျင် ထိုအဆောက်အအုံသည် ရေရှည်တည်တံ့ ခိုင်ခံ့မည် ဖြစ်၏။
အောက်ခံဖောင်ဒေးရှင်း ခိုင်ခိုင်မာမာ မချလျှင်မူ ထိုအဆောက်အဦသည် ကြာလေယိုင်လေ ဖြစ်တတ်၏။
ထိုအတူပင် လူတစ်လုံးသူတစ်လုံး ဖြစ်အောင် လူငယ်တို့၏ဘ၀ကို တည်ဆောက်ပေးရာ၌ ...
ယဉ်ကျေးမှု၊ အကျင့်စာရိတ္တ၊ ပညာရေးဟူသော အောက်ခံဖောင်ဒေးရှင်းသည် အရေးပါလှ၏။
ထိုအောက်ခံဖောင်ဒေးရှင်း ချပေးမည့်သူများမှာ အဓိကအားဖြင့် မိဘများပင် ဖြစ်ပေ၏။
မှန်ပေသည်။ "ပုဗ္ဗာစရိယ မိနှင့်ဘ" ဟု ဆိုသည်နှင့် အညီ မိဘတို့သည် သားသမီးတို့၏ လက်ဥိးဆရာများ ဖြစ်ကြ၏။
ထို့ကြောင့် သားသမီးများ ယဉ်ကျေးအောင်၊ ကိုယ်ကျင့်တ၇ား ကောင်း မွန်အောင် သွန်သင်ပြသဆုံးမရမည် ဖြစ်၏။
သို့ပါသော်လည်း အချို့သော မိဘများမှာ ခပ်ပေါ့ပေါ့ပင်။ သားသမီးကို မသွန်သင်မဆုံးမပဲ "ငယ်သေးတာပဲ" ဟု ဆိုကာ အစွမ်းကုန် အလိုလိုက်ထားကြလေ၏။ ထိုသားသမီးသည် တဖြည်းဖြည်းနှင့် လူကြီးမိဘကို လူကြီးမိဘ မှန်းမသိတော့ပေ။ ရိုင်းပြလာ၏။ အရိုအသေတန်လာ၏။
အရွယ်ရောက်လာ၍ သွန်သင်ဆုံးမမည် ကြံသောအခါ ထိုသားသမီးက အဆုံးအမ မခံတော့၊ ထိုအခါ တုတ်ကိုင်၊ ကြိမ်ကိုင် ရလေ၏။
ရိုက်နှက်ဆုံးမ၍ မရသောအခါ "သူ့ထိုက်နှင့် သူ့ကံပဲ"ဟုဆိုကာ လက်လွှတ်ထားလိုက်ကြလေ၏။
မိဘက လက်လွှတ်ထားသော သားသမီးတို့ မှာ....
အဘယ်မှာ ယဉ်ကျေးပါတော့မည်နည်း။ အဘယ်မှာ ကိုယ့်ကျင့်တရား ကောင်းမွန်ပါတော့မည်နည်း။ အဘယ်မှာ အရည်အချင်း ရှိပါတော့မည်နည်း။
အမှန်အားဖြင့် ထိုမိဘများသည် မိမိတို့၏ သားသမီးများကို မချစ်၍မဟုတ်ပေ။ မချစ်တတ်ခြင်းသာ ဖြစ်၏။
မချစ်တတ်သည့်အခါ သားသမီးတို့၏ ဘ၀ကို နှစ်သတ်သလို ဖြစ်သွားလေ၏။ မိဘတိုင်း သတိထားစရာပင် ဖြစ်၏။
ယင်းနှင့်စပ်ဆက်၍ ရုန့်ရင်းကြမ်းတမ်းသော သားသမီးကို နိုင်ငံ့ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်အောင် ...
ကြိုးစားဆောင်ရွက်ခဲ့သော ဗြဟ္မဒတ်မင်းကြီး၏ ဆောင်ရွတ်ပုံကို အတု ယူဖွယ် အဖြစ် ပြဆိုပါဦးမည်။
တမာလို မခါးရအောင်
ဗာရဏသီပြည် ဗြဟ္မဒတ်မင်းကြီး ထီးနန်းစိုးစံစဉ်က ဖြစ်၏။ ထိုစဉ်က ဘုရားလောင်း သည် ဥဒိစ္စပုဏ္ဏားမျိုး၌ ဖြစ်ခဲ့၏။
ဘုရားလောင်းသည် မိဘနှစ်ပါး ကွယ်လွန်သည့်အခါ ရသေ့ ၀တ်လေ၏။ မကြာမီပင် အဘိညာဉ်သမာပတ်ရပြီး ဟိမ၀န္တာအရပ်၌ပင် နေလေ၏။
အချိန်ကြာမြင့်စွာ နေပြီးသော် ဗာရဏသီသို့ သွားရောက်လေ၏။
ဘုရားလောင်းရသေ့သည် မင်းဥယျာဉ်၌ ခဏသီတင်းသုံးပြိးနောက်နေ့၌ မြို့တွင်းသို့ ဆွမ်းခံဝင်လေ၏။
ဗြဟ္မဒတ်မင်းကြီးသည် ဘုရားလောင်းရသေ့၏ တည်ကြည်ငြိမ်သက်သော ဣနြေ္ဒကို ကြည်ညိုမိ၏။ ထို့ကြောင့် နန်းတော်သို့ပင့်၍ ဆွမ်းဆက်ကပ်လေ၏။
ယင်းနောက် မင်းဥယျာဉ်၌ အစဉ်သီတင်းသုံးရန် လျှောက်ီး သစ်ရွက်မိုးကျောင်းကို ဆောက်လုပ်လှုဒါန်းလေ၏။
ဘုရားလောင်းရသေ့ကိုလည်း တစ်နေ့နှစ်ကြိမ် သုံးကြိမ်ခန့် သွားရောက်ဖူးမျှော်လေ၏။
ထိုမင်းကြီး၌ ဒုဋ္ဌကုမာရဆိုသော သားတစ်ယောက်ရှိ၏။ ထိုမင်းသားသည် ရုန့်ရင်း ကြမ်းတမ်း၏။ သူ့ကို မည်သူမှ မဆုံးမနိုင်။
ဆွေမျိုး၊ အမတ်၊ ပုဏ္ဏားတို့ မဆိုထားနှင့် ဖခင် မင်းကြီးကိုယ်တိုင်ပင် မဆုံးမနိုင်ချေ။
တစ်နေ့သောအခါ မင်းကြီးသည် ...
"ငါ့သားတော်ကို ငါ့ရဲ့ အရှင်ရသေ့ကလွဲပြီး ဘယ်သူမှ ဆုံးမနိုင်မှာ မဟုတ်ဘူး၊ အရှင်ရသေ့သာလျှင် ဆုံးမနိုင်လိမ့်မယ်" ဟု စဉ်းစားမိပြီး ..
မင်းသားငယ်ကို ဘုရားလောင်းရသေ့ထံ ခေါ်သွားကာ-
" အရှင်ဘုရား.. တပည့်တော်ရဲ့ သားတော်ဟာ ရုန့်ရင်းကြမ်းတမ်းလှပါတယ်။ ဘယ်သူမှ မဆုံးမနိုင်ပါ။
အခါအခွင့် သင့်ရင် သင့်သလို သားတော်ကို ဆုံးမတော်မူပါ"။ ဟု လျှောက်ပြီး ဘုရားလောင်းရသေ့အထံ အပ်နှံထားခဲ့လေ၏။
ဘုရားလောင်းရသေ့သည် မင်းသားကို ခေါ်ပြီး ဥယျာဉ်၌ လှည့်လည် ကြည့်ရှုလေ၏။
ထိုသို့ လှည့်လည် ကြည့်၇ှုနေစဉ် တမာပင်ပေါက်ကလေးတစ်ပင်ကို တွေ့ရာ-
"မင်းသား… အဲဒီတမာပင်ပေါက်ကလေးရဲ့ အရွက်ကို စားပြီး အရသာကို ပြောပြစမ်းပါ" ဟု စေခိုင်းလိုက်လေ၏။
မင်းသားသည် တမာရွက်ကို ခူး၍ ၀ါးကြည့်၏။ ယင်းနောက် မြေကြီးပေါ်သို့ ထွီကနဲ ထွေးထုတ်ပစ်လိုက်၏။
ထိုအခါ ဘုရားလောင်းရသေ့က- "မင်းသား ဘယ်လိုလဲ"ဟု မေးရာ မင်းသားက-
"အရှင်ဘုရား ဒီသစ်ပင်ကလေးဟာ ငယ်စဉ်ကတည်းက လက်တလော သေစေတတ်တဲ့ အဆိပ်နဲ့ တူနေပါတယ်။
ကြီးလာရင် သူု့ကို အမှီပြုပြီး ကြီးမားတိုးတက်ကောင်းမွန်ဖို့ ဘယ်မှာရှိမလဲ။ သူဟာ လူတွေကို သတ်ပါလိမ့်မယ်"ဟု ဆိုကာ ...
တမာပင်ကို နှုတ်၍ လက်ဖြင့်ခြေကာ လွှတ်ပစ်လိုက်လေ၏။ထိုအခါ ဘု၇ားလောင်းက
"မင်းသား- သင်ဟာ ဒီတမာပင်ကလေးဟာ အခုလို ငယ်စဉ်ကတည်းက ဒီလောက်ခါးရင် ....
ကြီးလာရင် ဒီတမာပင်ကို အမှီပြုပြီး ကြီးပွားတိုးတက်ကောင်းမွန်ဖို့ ဘယ်မှာများ ရှိတော့မလဲလို့ ဆိုပြီး တမာပင်ကို နှုတ်၊
လက်နဲ့ခြေကာ လွှတ်ပစ်တယ်။ သင်မင်းသားဟာလည်း ဒီတမာပင်နဲ့ ဘာထူးလို့လဲ၊
သင်မင်းသားဟာ ယခုလို ငယ်စဉ်ကတည်းက ရုန့်ရင်းကြမ်းတမ်းတယ်။ အသက်အရွယ် ရလာလို့ မင်းဖြစ်လာတဲ့အခါမှာ ....
အသင်မင်းသားကို အမှီပြုပြီး ငါတို့ ဘယ်လိုလုပ် ကြီပွားတိုးတက်နိုင်တော့မလဲ။ ဒါကြောင့် ယနေ့ကစပြီး တမာပင်လို မခါးပါနဲ့။
ခန္တီ၊ မေတ္တာ၊ ကရုဏာတို့နဲ့ ပြည့်စုံအောင် ကျင့်ကြံနေထိုင်ပါ"ဟု ပြောဆို ဆုံးမလေ၏။
ဒုဋ္ဌကုမာရမင်းသားသည် ထိုအချိန်မှစ၍ ဘုရားလောင်း ရသေ့ဆုံးမသည့်အတိုင်း ...
မာနကို စွန့်ပြီး ခန္တီ၊ မေတ္တာ၊ ကရုဏာတို့နဲ့ ပြည့်စုံအေင် ကျင့်သုံးနေထိုင်လေတော့၏။
အထက်ပါ အဖြစ်အပျက်၌ ဒုဋ္ဌကုမာရမင်းသားသည် ခမည်းတော် မယ်တော်တို့က အလိုလိုက် အကြိုက်ဆောင်ထား၍ ..
ဆိုးသွမ်းကြမ်းတမ်းနေသည် မဟုတ်၊ ပင်ကိုယ်ဗီဇကပင် ဆိုးသွမ်းကြမ်းတမ်းခြင်း ဖြစ်၏။
ထိုတွင် ဗြဟ္မဒတ်မင်းကြီးသည် " အချစ်ဆုံးသားလေးမို့ ငယ်သေးလို့"ဆိုပြီး လွှတ်မထားခဲ့ပေ။
ဒုဋ္ဌကုမာရမင်းသားလေး လိမ္မာရေးခြားရှိအောင်၊
နောင်တစ်ချိန် မင်းကြီးအရာကို ဆက်ခံနိုင်လောက်သော အရည်အချင်းရှိအောင် အမျိုးမျိုး သွန်သင်ဆုံးမခဲ့၏။
သူသာမက ဆွေတော်မျိုးတော်တို့နှင့် မှူးမတ် ပုဏားတို့ကိုပါ ၀ိုင်းဝန်း သွန်သင်ဆုံးမစေခဲ့၏။
ဒုဋ္ဌကုမာရမင်းသားကလည်း မည်သူပင် ဆုံးမဆုံးမ၊ မည့်သို့ပင် ဆုံးမဆုံးမ ပင်ကိုယ် စရိုက် ဆိုးသွမ်းသူမို့ ဆုံးမ၍ မရပေ။
သို့ပါသော်လည်း ဗြဟ္မဒတ်မင်းကြီးသည် မင်းသားအား နောင်တစ်ချိန်တွင် ...
တိုင်းပြည်အုပ်ချုပ် မင်းလုပ်မည့်သူမို့ လမ်းကြောင်းမှန်ပေါ် သို့ မရောက် ရောက်အောင် နည်းမှန်လမ်းမှန် ဖြင့် ပို့ဆောင်ပေးခဲ့ပါ၏။
ပို့လည်း ပို့ဆောင်ပေးနိုင်ခဲ့၏။ ပြောရလျှင် သားသမီးကို ချစ်တတ်ခဲ့၏။ နှစ်၍မသတ်ခဲ့။
ထို့ကြောင့် ဒုဋ္ဌကုမာရ မင်းသားလေးမှာ နိုင်ငံ့ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာခဲ့၏။
သားသမီးရှိသည့် မိဘတိုင်း အတုယူစရာ သင်ခန်းစာပင်ဖြစ်၏။
အချို့သော မိဘတို့သည် မိမိတို့၏ သားမီးများကို....
" ငါတို့က ရှာပေးပြီးပြီ၊ အကုန်လိုက်မကြည့်နိုင်ဘူး။ ကျန်တာ နင်တို့အပိုင်း"ဟု လက်လွတ်စပယ် ပြောတတ်ကြ၏။
အမှန်အားဖြင့် ထိုသို့ မဖြစ်သင့်၊ သားသမီးကို ပြုစုပျိုးထောင်ရာ၌ ငွေရှာပေးရုံမျှဖြင့် မလုံလောက်ပေ။
မိမိတို့၏သားသမီး အနေအထိုင် တတ်ရဲ့လား။ အပြောအဆိုကော တတ်ရဲ့လား၊ ယဉ်ကျေးသိမ်မွေ့ မှုရှိရဲ့လား။
ကိုယ်ကျင့်တ၇ားပျက်ပြားနေသလား၊ ပညာရေးညံ့ဖျင်းနေသလား..အစရှိသည်ဖြင့် တမာရွက်ကဲ့သို့ မခါးရလေအောင် အရိပ်တကြည့်ကြည့် ရှိသင့်၏။
အနေအထိုင် မတတ်လျှင် အနေအထိုင်တတ်အောင်၊ အပြောအဆို မတတ်သေးလျှင် အပြောအဆိုတတ်အောင်၊
မယဉ်ကျေးလျှင် ယဉ်ကျေးလာအောင်၊ ကိုယ်ကျင့်တရား ပျက်ပြားနေလျှင် ကိုယ်ကျင့်တရား ကောင်းမွန်လာအောင်၊
ပညာရေးညံ့ဖျင်းနေလျှင် ပညာရေး တော်လာအောင် သွန်သင်ရမည်ဖြစ်၏။ ဆုံးမရမည်ဖြစ်၏။ လမ်းညွှန်ပေးရမည် ဖြစ်၏။
ဤသို့ ဖြည့်ဆည်းပေးမှသာလျှင် မိဘတာဝန် ကျေပွန်မည် ဖြစ်၏။
ထိုသို့ သွန်သင်ဆုံးမ လမ်းညွှန်မှုကိုရရှိသော သားသမီးတို့သည်သာလျှင်"နောင်ဝယ် လူကြီး"ဆိုသော အဆင့်မြင့် လူတန်းစားထဲ၌ ပါဝင်မည်ဖြစ်၏။
မိသားစုအတွက် ၊ အမျိုးဘာသာသာသနာအတွက်၊ နိုင်ငံတော်အတွက် အားကိုးအားထားပြုနိုင်လောက်မည် ဖြစ်ပေ၏။
မိဘတိုင်း သားသမီးကို ချစ်တတ်ပါစေ။
အားလုံးကိုကျေးဇူးတင်ပါတယ်
kyawzinhein.nov@gmail.com
ဗုဒ္ဓကမ္ဘာမှ ကူးယူဖော်ပြသည်။
ကျွန်တော်နှစ်သက်သလိုသူငယ်ချင်းတွေလည်းကြိုက်လိမ့်မယ်လို့တွေးမိလို့ တင်ပေးလိုက်တာပါနော်....
စိတ်နှလုံးချမ်းမြေ့ ကြပါစေဗျာ....ထိုသူကား..................
  အမေ့သားနေလင်းဖြိုးပင်